Tuesday, July 3, 2012

EPS ကိုရီးယားအလုပ်သမားများသိစေရန်.......အီးပီအက်စ် ဇွဲလုပ်သား(성실근로자)များကို ဇွဲဗီဇာပေးမည်

တောင်ကိုရီးယားအစိုးရသည် နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းစသည်များ ဆိုင်ရာဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ ၄ နှင့် ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ ၃ (ပြည်ပြန်ဝင်ခွင့်နှင့် အလုပ်ခန့်ထားရေးဆိုင်ရာ အထူးကန့်သတ်ချက်နှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်း) တို့အရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ အစပြု၍ အီးပီအက်စ် ဇွဲလုပ်သားများကို ဇွဲဗီဇာပေးမည်ဖြစ်ကြောင်း ကြေညာထားရာ ဆိုင်ရာ အီးပီမိတ်ဆွေများ သိရှိနိုင်ကြစေရန်အလို့ငှာ ကောက်နှုတ်ပြန်ဆိုအပ်ပါသည် ။


အောက်ဖော်ပြပါ အချက် ၅ ချက်နှင့် ကိုက်ညီရမည်ဟု ဆိုပါသည် -

၁ ။     အီးပီစနစ်ဗီဇာ(E-9)ဖြင့် ကိုရီးယားသို့ဝင်ရောက်လာပြီး အလုပ်ရုံ သို့မဟုတ် စက်ရုံ တစ်ခုတည်းတွင် ဗီဇာအစမှ ဗီဇာကုန်ဆုံးချိန် (၆ နှစ် သို့မဟုတ် ၅ နှစ် သို့မဟုတ် ၄နှစ်၁၀ လ) ထိ လုပ်ကိုင်လာသူဖြစ်ရမည် ။

     စက်ရုံ ပိတ်သိမ်းခြင်းစသည်ဖြင့် အလုပ်သမားကြောင့်မဟုတ်သော အကြောင်းကြောင့် စက်ရုံ အလုပ်ရုံပြောင်းရွှေ့ခဲ့ရခြင်းများဖြစ်လျင် နောက်ဆုံး လုပ်ခဲ့သော အလုပ်ရုံတွင် စာချုပ်ကာလ အနည်းဆုံး၁နှစ် ပြည့်သူ ဖြစ်ရမည် ။

၂။      စိုက်ပျိုးမွေးမြူရေး သို့မဟုတ် ငါးလုပ်ငန်း နှင့် အလုပ်သမား ၃၀အောက်ရှိသော ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ရမည် ။(အခြေပြုအလုပ်ရုံများ ၅၀အောက်)

၃။     ပြည်ပြန်ဝင်ခွင့်ရရှိရန်အတွက် အလုပ်စာချုပ်ချုပ်ဆိုရာတွင် စာချုပ်အတည်ပြစ်သည့် (ကိုရီးယားသို့ပြန်လည်ရောက်ရှိမည့်)နေ့မှ စ၍ အနည်းဆုံး ၁နှစ် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုသူ ဖြစ်ရမည် ။

၎။     လုပ်ငန်းခွင်အလိုက် ခွင့်ပြုထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက် ခွင့်ပြုချက် ( နိုင်ငံခြားသားငှားရမ်းခွင့်လျှောက်ထားချက်) နှင့် ကိုက်ညီရမည် ။

၅။     လျှောက်ထားသည့် အလုပ်သမား၏ (မူလ) ဗီဇာ သည် ၂၀၁၂ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နောက်ပိုင်း ကုန်ဆုံးခြင်း ဖြစ်ရမည် ။


ဦးစားပေး ကင်းလွတ်ချက်များအနေဖြင့် လုပ်ငန်းရှင်များ အပိုင်းနှင့် အလုပ်သမားအပိုင်း ၂ပိုင်းခွဲခြားထားပါသည် ။

လုပ်ငန်းရှင်များအနေဖြင့်-

-      ပြည်တွင်းအလုပ်သမား(ကိုရီးယားသား)သုံးစွဲခွင့် လျှောက်ထားရန်မလို ။

-      အလုပ်ခွင့်တစ်ခုတည်းတွင် ကာလကြာရှည်စွာ ငှားရမ်းသုံးစွဲရန် အထူးကျွမ်းကျင်မှု လိုအပ် သည့်နိုင်ငံခြားသားများအား အထူးလေ့ကျင့်ပေးထားလျင် အဆိုပါ လုပ်သားများကို ခေတ္တပြည်ထွက်ခွင့်ပြုပြီး ပြန်လည်သုံးစွဲနိုင်သည် ။

အလုပ်သမားများအနေဖြင့်-

-      ပြည်ပြန်ဝင်ခွင့်အတွက် ၊ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်နှင့် အလုပ်ဝင်ပြင်ဆင်မှုသင်တန်းများတက်ရောက်ရန်မလို ။

-      အထူးစာမေးပွဲဖြေခွင့်ရအလုပ်သမားများမှာ ပြည်ထွက်ပြီး ၆ လနောက်ပိုင်းမှ ပြည်ပြန်ဝင်ခွင့် ရရှိမည်ဖြစ်သော်လည်း ၊ ဇွဲလုပ်သားများမှာ ပြည်ထွက်ပြီး ၃ လနောက်ပိုးတွင် ပြည်ပြန်ဝင်ခွင့်ရရှိမည် ။

လျှောက်ထားရမည့်အချိန်

-      မူလဗီဇ မကုန်ဆုံးမှီ ၁ လ နောက်ပိုင်း ၇- ရက်မတိုင်မှီ ။

လိုအပ်သည့်စာရွက်စာတမ်းများ-

-      ဇွဲလုပ်သား ထပ်မံငှားရမ်းခွင့်လျှောက်လွှာ

-      အလုပ်စာချုပ်မိတ္တူ

-      အလုပ်သမား၏ နိုင်ငံကူးလက်မှတ် မိတ္တူ နှင့် နိုင်ငံခြားသားကတ် မိတ္တူ

-      ပြည်ထွက်မည့်ရက် ကြေညာလွှာ

ထွက်ခွါခြင်းနှင့် ဗီဇာလျှောက်ထားခြင်း-

-      ဇွဲဗီဇာရ လုပ်သား(ကြီး)သည် ပြည်ပြန်ဝင်ခွင့်အတွက် အလုပ်စာချုပ် ချုပ်ပြီးဖြစ်ရမည့်အပြင် ၊ နိုင်ငံခြားသား မှတ်ပုံတင်ကတ် ကိုလည်း လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဗီဇာမကုန်မှီ ကိုရီးယားမှ ထွက်ခွါရပါမည် ။

-      ဇွဲဗီဇာရလုပ်သားသည် မိခင်နိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ၇ ရက်အတွင်း သက်ဆိုင်ရာ အလုပ်သမားရေးရာဌာန (မိမိအားပို့လွတ်မည့်ဌာန)သို့ သတင်းပို့ရမည် ။

-      အလုပ်ရှင်သည် ၊ ဇွဲလုပ်သားကြီး ကိုရီးယားမှ ထွက်ခွါသွားပြီးနောက်ပိုင်းမှသာ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ်ကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနတွင် လျှောက်ထားခွင့်ရှိသည် ။


ပြည်ပြန်ဝင်မည့်အစီအစဉ်

-      ဇွဲလုပ်သားကြီးသည် သက်ဆိုင်ရာ အလုပ်သမားဌာန(အေဂျင်စီ)၏ အစီအစဉ်ဖြင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း ၊ ဗီဇာအတွက် လိုအပ်သည်များ ရေးသွင်းတင်ပြလျှောက်ထားခြင်းစသည်တို့ကို ပြုလုပ်ရမည် ။

-      သက်ဆိုင်ရာ အလုပ်သမားဌာနသည် ဇွဲလုပ်သား၏ ကျန်းမာရေးစစ်ဆေးချက်ကို ကိုရီးယားလူ့အရင်းအဖြစ်ဌာနသို့ ပေးပို့ရပါမည် ။

-      ကိုရီးယားလူ့အရင်းအမြစ်ဌာနသည် ကျန်းမာရေးစစ်ဆေးချက်အရ ပြည်ပြန်ဝင်ခွင့်ပြုရန် သင့်တော်သူများကို ဗီဇာသက်သေခံလက်မှတ် လျှောက်ထားချက်အတွက် အတည်ပြုချက်ပေးခြင်းနှင့် ပြည်ဝင်အစီအစဉ်ရေးဆွဲပြီး သက်ဆိုင်ရာ အလုပ်သမားဌာန (အေဂျင်စီ)ထံ ပေးပို့ရပါမည် ။

-      ကိုရီးယားလူ့အရင်းအမြစ်ဌာနက ရေးဆွဲထားသော အစီအစဉ်အတိုင်း သက်ဆိုင်ရာ အေဂျင်စီများက ဇွဲလုပ်သမားများ ပြည်ဝင်ရန် ဆောင်ရွက်ပါလိမ့်မည် ။ တစ်ဦးချင်း ပြည်ဝင်ရန် ခွင့်ပြုမည်မဟုတ်ပါ ။ ပြည်ဝင်ပြီးနောက် ကျန်းမာရေးပြန်လည်စစ်ဆေးခြင်း ၊ အာမခံထားခြင်းစသည်များ ဆောင်ရွက်ပါလိမ့်မည် ။


အသေးစိတ်သိရှိလိုပါက မိမိတို့၏ လုပ်ငန်းရှင်များနှင့်အတူ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာန (ဂိုယုံဂျိဝေါန်ဆင်ထော်)သို့ မေးမြန်းကြစေလိုပါကြောင်း ။

No comments:

Post a Comment